-->

ဆရာဘလော့ခ်များအားကိုလင်းမှကျေးဇူးအထူးတင်ရှိပါသည်

Ideal


ကျွန်တော့်ရဲ့ ကိုယ့်အလုပ် ကိုယ်လုပ်ရင်း ကြည်သာနေတဲ့ စိတ်ဟာ အကြောင်း တစုံတရာကြောင့် ညစ်ညူးသွား ခဲ့ရတယ်။ လူဟာ ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်အကြောင်း ကိုယ်စဉ်းစားကြရင် ကောင်းလိမ့်မယ်။ ဘာကြောင့်များ သူများကိစ္စ လိုက်စွက်ဖက် စပ်စု
ပါဝင်ပတ်သတ်ချင်ကြတယ် မသိဘူး။ ကျွန်တော်ဟာ တချိန်က အတိတ်တွေကို တန်ဖိုးထား တမ်းတတတ်သူ တစ်ယောက် ဖြစ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ လက်ရှိဘ၀ကိုပဲ ဂရုထားတော့တယ်။ အရင်ကဆို ကျွန်တော်ဟာ မဖြစ်ခဲ့ရတာတွေ ဆုံးရှုံးခဲ့ရတာတွေအတွက် စိတ်မကောင်းဖြစ်ရ၊ မကျေမနပ် ဖြစ်နေရခဲ့တယ်။ နောက်ပိုင်းမှာတော့ ဖြစ်နေတဲ့ဘ၀မှာ အကောင်းဆုံး လုပ်နိုင်ဖို့ကိုပဲ ဦးတည်လိုက်တယ်။ကျွန်တော့်အတွက် အောင်မြင်ကျော်ကြားမှု မလိုချင်ဘူး။ အဲဒါဟာ ကျွန်တော့်ရဲ့ လွတ်လပ်ခြင်းကို ပိတ်ပင်တားဆီးရာ အနှောက်အယှက် တစ်ခုပဲလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်ဟာ သာမန်လူသား တစ်ယောက်ပဲ ဖြစ်ချင်တယ်။ မကောင်းမှု လုပ်စရာရှိရင် သာမန်လူသား တစ်ယောက်လိုပဲ လုပ်မယ်။ အခြားသူတွေအတွက် Ideal တစ်ယောက်ဖြစ်ဖို့ ကျွန်တော် ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးဘူး။

အရက်သောက်ချင် သောက်မယ်၊ ဖဲရိုက်ချင် ရိုက်မယ်၊ ရှုပ်ချင်ရှုပ် ပွေချင်ပွေမယ်၊ လမ်းပေါ်တက် ဆဲချင် ဆဲနေမယ်။ ဒါဟာ ကျွန်တော် ပိုင်ဆိုင်ရာဘ၀ ကျွန်တော် ရွေးချယ်ရာအတိုင်း ဖြစ်သွားမှာပါ။ သူများ အထင်ကြီး လေးစားတာ ခံနေရတဲ့ လူမျိုးတော့ မဖြစ်ချင်ဘူး။ ကျွန်တော် လုပ်သမျှကို လိုက်စောင့်ကြည့် ဝေဖန် နေတာမျိုးကို မလိုချင်ဘူး။ သူတစ်ပါးကိုလည်း အဲလိုမျိုး ဘယ်တုန်းကမှ မလုပ်ဘူးသလို လုပ်ဖို့လည်း စိတ်မ၀င်စားဘူး။ ဖိုရမ်က အကိုအမများက ပြောဖူးတယ် အထဲမှာ ရေးတဲ့စာနဲ့ အပြင်မှာတွေ့တဲ့ရုပ် မလိုက်ဖက်ဆုံး အထဲမှာ မင်းက ပထမတဲ့။ သူတို့ အဲလိုပြောချိန်မှာ ကျွန်တော်က ဘောင်းဘီတိုနဲ့ တီရှပ်နဲ့၊ ဆံပင်က အရှည်နဲ့။ ကျွန်တော်ဟာ မြန်မာဖြစ်ပေမယ့် မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးပေမယ့် ပုဆိုးဝတ်မှ၊ စတိုင်ပန် ၀တ်မှ ခန့်ညားတယ်ဆိုတဲ့ အယူအဆကိုတော့ လက်မခံနိုင်သေးဘူး။ ကျွန်တော် ပုဆိုး
ဝတ်တာမြင်ရင် ကျွန်တော့်သူငယ်ချင်းများ အထူးအဆန်း ကြည့်ကြတယ်။
ဝတ်ခဲလွန်းလို့။ ကျွန်တော်က အပျင်းထူတယ်။ ပုဆိုးက ခဏခဏ ပြင်ဝတ်ရတယ်။ အဲဒါကို သည်းမခံနိုင်ဘူး။ ဘောင်းဘီတိုက ပေါ့ပါးတယ်။ လွတ်လပ်တယ်၊ ခြေထောက်အေးတယ်။ ဒါကြောင့် ပုဆိုးထက် ဘောင်းဘီတို ပိုကြိုက်တယ်။ ဒါကြောင့် သူတပါးက မလေးစားဘူးဆိုလည်း ကိစ္စမရှိ။
ကိစ္စရှိတာက သောက်တင်းပြောတတ်တဲ့ သူတွေရယ်၊ ကိုယ့်အရေးမဟုတ်ဘဲ သူများကိစ္စ
ဝင်ပါချင် သူတွေရယ်၊ အလိုက်ကမ်းဆိုး မသိသူတွေရယ်၊ ကိုယ်လိုချင်တာကိုပဲ ကြည့်တတ်သူတွေရယ်၊ ကိုယ့်လုပ်ရပ်ဟာ ဘယ်လောက်အထိ သူများ ဒုက္ခရောက်တယ်ဆိုတာ မသိသူတွေရယ်၊ ဒီဘက်ကစကားကို နားထောင်ပြီး ဟိုဘက်မှာ သွားပြောတတ်သူတွေရယ်၊ အခြေအနေ အခက်အခဲကို နားမလည်တတ် သူတွေရယ် အဲဒါတွေကို အမုန်းဆုံးပဲ။ နောက်ထပ် အမုန်းစာရင်းတွေ ရှိသေးတယ်။ ဟန်းဖုန်းကို သေအောင် မုန်းတယ်။ မက်ဆေ့ပါ ပို့လို့ရတဲ့ ဂျီအက်စ်အမ်ဆို ပိုမုန်းသေးတယ်။ ပြီးတော့ ကျွန်တော့်ကို ဓာတ်ပုံလာရိုက်ရင်လည်း လုံးဝ မကြိုက်ဘူး။ မကြိုက်တာက အကြောင်းရှိတယ်။ လူတစ်ယောက် ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ ရိုက်ပြီး သုံးချင်တဲ့ နေရာတွေမှာ သုံးကြလွန်းလို့။ မကြိုက်ဘူး။ စာအုပ်ငှားပြီး ပြန်မပေးတဲ့သူမျိုးဆိုရင် ခေါင်းကွဲအောင် ရိုက်ချင်တယ်။ စာအုပ်ကို စုတ်ပြတ်နေအောင် ကိုင်ပြီး ထောင့်စွန်းတွေ ကျိုးအောင်လုပ်တဲ့ သူမျိုးဆိုရင်တော့ အသေသတ် ပစ်ချင်တယ်။ ဉာဏ်ပိန်တဲ့ မိန်းမမျိုး ဆိုရင်လည်း စိတ်ပျက်မိတယ်။ ကိုယ့်ကိုကိုယ် အထင်မကြီးတဲ့လူမျိုးကိုလည်း အထင်ကို မကြီးဘူး။ ကိုယ့်ပြဿနာကို သူများပါကူးစက်စေသူမျိုး ဆိုရင်တော့ စိတ်ပျက်လက်ပျက် ဖြစ်တယ်။ သူများအချိန်ကို မဖြုန်းတီးဘူး။ ကိုယ့်အချိန်ကို ဖြုန်းတီးသူ ဆိုရင်လည်း မကြိုက်ဘူး။ ကျွန်တော့်ကို ခြိမ်းခြောက်သလို ဟိန်းဟောက်သလို လုပ်သူမျိုး ဆိုရင်တော့ အမုန်းဆုံးပဲ။ ကျွန်တော့်ကို မှီခိုကပ်တွယ် နေသူဆိုလည်း စိတ်ညစ်တယ်။လူတိုင်းဟာ နားလည်မှုကို အမြတ်နိုးဆုံးပဲလို ခဏခဏ ပြောကြတယ်။ ဘာကိုနားလည် နေကြတာလဲ။ ဘယ်အရာက နားလည်မှုလဲ။ ကျွန်တော်လည်း ဒီလိုပဲ ပြောတာပဲ။ ဟုတ်တယ် ကျွန်တော် နားလည်မှု လိုချင်တယ်။ အဲဒီနားလည်မှုဟာ ပါးစပ်နဲ့ ပြောလို့ရတဲ့ အရာမဟုတ်ဘူး။ ကျွန်တော့်ကြောင့် သူတပါး စိတ်အနှောက်အယှက် ဖြစ်မယ်ဆိုရင် ကျွန်တော် အဲဒီလူနဲ့ မတွေ့ဖြစ်အောင် နေမယ်။ သူများနဲ့ စကားပြောနေတုန်း အဲဒီလူ သမ်းဝေနေတာ တွေ့ရင် ချက်ခြင်း နှုတ်ဆက်ပြီး ထွက်ခွာမယ်။ လူတစ်ယောက်ဆီကနေ သူတန်ဖိုးထားတဲ့အရာ တစ်ခုကို အတင်း မတောင်းယူဘူး။ ကိုယ့်ကို အိမ်က မလိုအပ်တော့ဘူး ဆိုရင် အိမ်ပေါ်က ဆင်းမယ်။ ညဉ့်နက်သန်းခေါင် အရေးမကြီးတဲ့ ကိုယ့်ကိစ္စ တစ်ခုအတွက် ဖုန်းမဆက်ဘူး။ ဖုန်းဆက်ရင်လည်း လိုအပ်တာပဲ ပြောမယ်။ အချစ်အကြောင်း ကိစ္စတွေကို မကြားချင်ဘူး။ ခံစားချက် သက်သက်လို့ပဲ မှတ်ယူထားတယ်။ဒါပေမယ့် ဒါတွေပြောနေလည်း အပိုပါ။ ကျွန်တော်က ဘ၀မှာ မျှော်လင့်ချက် မရှိတဲ့ကောင် တစ်ကောင်ပဲ။ အမှန်ဆို ကိုယ်လုပ်ချင်တာတွေလုပ်ပြီးရင် လွယ်လွယ်ကူကူ သေလိုက်ချင်တယ်။ ၅၀-၆၀ မနေချင်ဘူး။ နောင်ဘ၀ကိုလည်း စိတ်မ၀င်စားဘူး။ ကိုယ်လုပ်ချင်တာတွေ လုပ်ပြီး ကိုယ်နဲ့ ပတ်သတ်သူတွေအတွက် မစဉ်းစားတဲ့ကောင်ပဲ။ ဆိုးသွမ်းခေါင်းမာတတ်ခဲ့သူပဲ။ မကောင်းမှုမျိုးစုံ စမ်းသပ်ဖူးသူပဲ။ ကျွန်တော်နဲ့ ပတ်သတ်သူတွေဟာ စိတ်ညစ်ရတယ်။ သူတို့ စိတ်ညစ်ရင် ကျွန်တော်က နှစ်ဆပို စိတ်ညစ်ရတယ်။ အဲဒီအတွက် အခြားသူတွေနဲ့ အရမ်းရင်းရင်းနှီးနှီး ပတ်သတ်ရမှာ ကျွန်တော် ကြောက်တယ်။ ကျွန်တော်ဟာ Isolation ဖြစ်နေတယ်လို့ ထင်တယ်။ ကျွန်တော့်ဘာသာ ကျွန်တော် ဒီလို ဖြစ်နေတာ ဘယ်သူ့အတွက်မှ မထိခိုက်ဘူး ထင်ပါရဲ့။ ကျွန်တော့်ကို ကယ်တင်ဖို့ ကုစားပေးဖို့လည်း လာမပြော၊ မကူညီကြပါနဲ့။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဒီမကောင်းမှုမှာ ပျော်ဝင်နေတာကိုး။ ဒီမကောင်းမှုလေးကိုပဲ နှစ်သက်နေတာကိုး။ လောလောဆယ်တော့ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး၊ ဘယ်သူ့ နှစ်သိမ့်သံကိုမှလည်း မကြားချင်ဘူး။ ဘယ်သူ တရားချတာကိုလည်း မခံချင်ဘူး။ ကိုယ့်လမ်းကိုယ် သွားကြတာပေါ့။ ကျွန်တော်နဲ့ တွဲသွားရင် ခင်ဗျားတို့မှာ စိတ်ညစ်စရာတွေ ရောက်လာမှာစိုးလို့ ဒီခရီးမှာ ကျွန်တော်က ပထမဆုံး ရင့်ရင့်သီးသီး လမ်းခွဲထွက်ခဲ့တာပါ။ ခင်ဗျားတို့ အချင်းချင်း ကျေနပ်အားရအောင် ကျွန်တော့် မကောင်းမှုတွေကို တဖွဖွ ပြောလိုရာ ပြောကြပါ။ ဒါပေမယ့် ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်းအထိ ရောက်အောင် အထိတော့ သယ်မသွားကြပါနဲ့လို့ တိုက်တွန်းလိုက်ပါရစေ။
(ညီလင်းဆက်)

Email this post


1 ယောက်ရဲ့ အမြင်: to “ Ideal

 

Design by Amanda @ Blogger Buster